ကျွန်တော့်ကို ၁၉၆၅ ခုနှစ် တန်ခူးလ ( April 16) ရက်မြန်မာနှစ်ဆန်းတစ်ရက် သောကြာနေ့တွင် ဂျင်မခါနာဆေးရုံကြီးတွင် မွေးဖွားခဲ့ပါသည်။ကျွန်တော့်မွေးရပ်ဇာတိမှာ မင်္ဂလာတောင်ညွန့် ကန်တော်ကလေး
ရန်ကုန်မြို့ ဖြစ်ပါသည်။ကျွန်တော်သည်မွေးချင်း ရ ယောက်အနက် ၅ ယောက်မြောက်သား ဖြစ်ပါသည်။
အမှန်တစ်ကယ်တွင်မူမွေးချင်း ၈ ယောက်ရှိပါသည်။ကျွန်တော့်အထက် ၃ ယောက်မြောက်အစ်ကိုမှာ
၅ နှစ်သားအရွယ်တွင် အပြင်းဖျားပြီးဆုံးသွားပါသည်။ကျွန်တော်တို့မိသားစုအားလုံး အဘိုးတို့မိသားစုနှင့် တစ်အိမ်တည်းတွင် အတူတစ်ကွနေထိုင်ကြရသဖြင့် အလွန်ကျပ်တည်းပါသည်။ အဘိုး၏ အိမ်သည် ပေ ၃၀
ပေ ၅၀ ပျဉ်ထောင်သွပ်မိုးအပြည့်ဆောက်ထားသော်လည်း အလယ်မှတစ်ခြမ်းခြမ်း၍ တစ်ဖက်ခန်းတွင် အဖေ့၏
ညီမမိသားစုနေထိုင်သောကြောင့် ကျန်တစ်ခန်းတွင် မိသားစု နှစ်စု အဘိုးတို့က မိသားစု ၃ ယောက်
ကျွန်တော်တို့က မိသားစု ၉ ယောက်ဖြစ်သဖြင့် အလွန်ကျပ်တည်းပါသည်။
ကျွန်တော်ငယ်စဉ်က မှတ်မိသလောက် ငလျှင်လှုပ်သည်ကို မကြာခဏကြုံတွေ့ဖူးပါသည်။ငလျှင်လှုပ်သည်နှင့်
နောက်ဖေးမီးဖိုချောင်တွင် ချက်ပြုတ်နေသောအဖွားသည် အိမ်ပေါ်သို့ပြေးတက်လာပြီး အိမ်ပေါ်တွင်ဆော့က
စားနေသော ကျွန်တော်တို့ညီအစ်ကိုတစ်တွေကို ဖက်ထားပါသည်။အဖွားသည် ကျွန်တော်တို့ညီအစ်ကိုတစ်တွေ
ကို ချစ်ပါသည်။ငလျှင်လှုပ်၍ မတော်တစ်ဆ လဲပြိုသွားလျှင် ရူးမည်စိုးသောကြောင့်ဟု ထင်ပါသည်။
ကျွန်တော်တို့လည်း ငလျှင်လှုပ်လျှင် ပြူးတူးကြောင်တောင်နှင့် အလွန်ကြောက်သဖြင့် အဖွားကိုပြန်ဖက်ထားမိ
ပါသည်။အဘိုးကတော့ အိမ်ရှေ့ခန်းမှ“ ငလျှင်လှုပ်တယ်ဟေ့ သတိထားကြ ” ဟု အော်ဟစ်သတိပေးပါသည်။
ငလျှင်လှုပ်ပြီးသည်နှင့် အဘိုးက ဘယ်နှစ်နာရီ ဘယ်နှစ်မိနစ်မှာ စလှုပ်သည်ဟု တန်းပြောပါသည်။ကျွန်တော်တို့
အိမ်တွင် ၁၉၀၂ ခုနှစ် တွင်ထုတ်လုပ်သော ချိန်သီးနှင့် တိုင်ကပ်နာရီကြီးရှိပါသည်။ငလျှင်စလှုပ်သည်နှင့် ထိုတိုင်
ကပ်နာရီကြီးသည် ရပ်သွားပါတော့သည်။အဘိုးကနာရီကိုကြည့်၍ အတိအကျ ပြောခြင်းဖြစ်သည်။စက္ကန့်တံ မပါသောကြောင့် စက္ကန့်တော့ အတိအကျ မသိပေ။
ကျွန်တော့်အဖေသည် ဆိပ်ကမ်းအာဏာပိုင် ဗဟိုပစ္စည်းထိမ်းရုံးတွင် စာရေးကြီးဖြစ်သည်။အဖေလစာထုတ်သည်
နှင့်ညပိုင်းတွင်မိသားစုအားလုံးကိုခေါ်၍ လေဟာပြင်ဈေးတွင်စားသောက်ကြပါသည်။စားချင်တာစား သောက်ချင်
တာသောက် ကျွန်တော်အလွန်ပျော်ပါသည်။ကျွန်တော်ကတော့ ခေါက်ဆွဲကြော်စားပြီ့း ဖါလူဒါသောက်ပါသည်။
အဘိုးကလည်း ရုပ်ရှင်ကြိုက်သဖြင့် ကျွန်တော်တို့ကို မကြာခဏ ရုပ်ရှင်ခေါ်သွားပါသည်။ထိုအချိန်က
ပရဲဇီးဒဲန့် ၊ ပလေဒီယံ ၊ဂလုပ်၊အိက်ဇက်စီယာ၊စသောရုပ်ရှင်ရုံများတွင် နိုင်ငံခြားရုပ်ရှင်များ ရုံတင်ပြသပါသည်။
ထိုအချိန်က တော်လှန်ရေးကောင်စီတက်ပြီး မြို့သစ်များဖေါ်ရာအကြွေးးစနစ်ဖြင့် အိမ်ယာအရောင်းပြခန်းများ
ကို မြေပဒေသာကျွန်းတွင်ပြသရောင်းချပေးပါသည်။အဖေသည်ကန်တော်လေးတွင်အဘိုးတို့မိသားစုနှင့်ကျပ်
ကျပ်တည်းတည်းအတူနေရသောကြောင့် တောင်ဥက္ကလာပ ၁၄ ရပ်ကွက် မြင်သာစုပေါင်းအိမ်ယာ အမှတ် (၁)
တွင် ဝယ်ယူလိုက်ပြီး ကျွန်တော်တို့မိသားစု မြင်သာစုပေါင်းအိမ်ယာသို့ ပြောင်းရွှေ့ခဲ့ကြတော့သည်။
ကျွန်တော်တို့ ပြောင်းခါစက အိမ်ယာများသည် လယ်မြေများကို ရှင်းလင်း၍ အိမ်ယာများအကွက်ဖေါ် ဆောက်
ထားသောကြောင့် အရိပ်ဟူ၍ မည်မည်ရရမရှိပဲ လွင်တီးခေါင်ဖြစ်နေသည်။အိမ်ရှေ့ကွက်လပ်တွင် မြက်ရိုင်းပင်
များ ရှင်းလင်းခြင်း ၊အုန်းပင်များခြံပါတ်လည် စိုက်ပျိုးခြင်း၊သရက်ပင် ၊ နှင်းသီးပင် ၊မာလကာပင် များစိုက်ပျိုးခြင်း
ဖြင့် အချိန်များကုန်လွန်ခဲ့သည်။ထိုအချိန်က ကျွန်တော့်အသက်မှာ ၄ နှစ်ဝန်းကျင်ခန့်သာရှိဦးမည်။
ကျွန်တော့်အသက် ၅ နှစ်သို့ရောက်သောအခါ ကျောင်းစတင်နေရပါသည်။အခြေခံ ပညာမူလတန်းကျောင်း
အမှတ် ( ၃ ) တွင် သူငယ်တန်း မှ စတင်၍ ၄ တန်းအထိ ကျောင်းတက်ရပါသည်။ထိုကျောင်းကို ရပ်ကွက်ထဲမှ
လူကြီးအတော်များများက ညောင်ညိုပင်ကျောင်းဟု ခေါ်ကြပါသည်။ထိုကျောင်းရှိ ဆရာများအနက် ဆရာကြီး
ဦးသိန်းဆိုင် မှာ စာသင်ရာတွင် မာန်ပါပါ သင်ပေးသောကြောင့် ကလေးများ ပျော်ပျော်ပါးပါး စာလိုက်နိုင်
ကြပါသည်။ဆရာကြီး၏ ပုံစံမှာ နဖူးပြောင်ပြောင် မျက်လုံးပြူးပြူး အသားဖြူဖြူ နှင့် စာသင်ရာတွင် စိတ်လိုက်
မာန်ပါစွာ အော်ကြီးဟစ်ကျယ်သင်သောကြောင့် ကလေးများကလည်း အသံကုန်ဟစ်အော် လိုက်ဆိုကြသည်။
ကကြီရေက.....ကကြီရေးချာကာ.....ကကြီရေးချာ ဝေးစံနှလုံးပါ ကား............။
ထိုမူလတန်းကျောင်းတွင် ၄ တန်းအထိ ကျောင်းတက်ရပါသည်။ ၄ တန်းအောင်သောအခါ ထိုမူလတန်းကျောင်း
ကြီးနှင့် ခွဲခွါခဲ့ရပါသည်။ ၅ တန်းကို အခြေခံ ပညာအထက်တန်းကျောင်း အမှတ် ( ၃ ) တွင် ပညာများဆက်လက်
သင်ယူ ရပါသည်။ထိုခေတ် ထိုအခါက A , B ,C , D ကို ၅ တန်းရောက်မှ စတင်သင်ယူကြရပါသည်။ထိုကြောင့်
ကျွန်တော်တို့အရွယ် လူများသည် အင်္ဂလိပ်စာ အတော်ညံ့ကြပါသည်။ထိုခေတ်က ၄ တန်း ၊ ၈ တန်း နှင့် ၁၀
တန်း တို့သည် အစိုးရစစ်စာမေးပွဲ ဖြစ်သောကြောင့် တစ်ချို့ ၈ တန်းတွင် ကျကျန်ခဲ့ကြပါသည်။ကျွန်တော်က
တော့ ၁၀တန်း အထိ ရောက်ခဲ့ပါသည်။ ၁၀ တန်းကို ၄ ၊ ၅ ကြိမ်ဖြေသော်လည်း B အဆင့် ဖြင့်သာ အောင်သော
ကြောင့် ကျွန်တော့်ပညာရေးသည် ၁၀ တန်းအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရပါသည်။